ကလေးပိစိကွေးလေးတွေကို ရေတိုက်ဖို့ လိုမလား
ရာသီဥတု ပူလိုက်တာ ရေတွေငတ်နေရောပဲ။ ကိုယ်တွေ လူကြီးတောင် ပူလို့ ရေဒီလောက် ငတ်တာ နုနယ်သေးတဲ့ ကလေးပိစိကွေးလေးဆို ရေပိုငတ်မှာပဲဆိုပြီး ကလေးကို ရေခွံ့ဖို့ စဉ်းစားမိနေပြီလား။ ဒါဆိုရင်တော့ ကလေးလေးကို ရေမခွံခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ပါ။
ကလေးငယ်ငယ် ရေတိုက်ဖို့ လိုမလားကွယ်
ရေအသက် တစ်မနက်လေ ဒါဆိုရင် ကလေးကို ရေတိုက်ရမှာပေါ့လို့ တွေးနေမိတယ်ဆိုရင်တော့ ပိစိကွေးလေးရဲ့ အသက်ကို အရင်မေးပါရစေ။ ပိစိကွေးလေးက အခုမှာ အသက် ၆ လ မပြည့်သေးဘူးဆိုရင်တော့ ရေတိုက်မယ့် ကိစ္စကို နိုး လို့ပဲ ပြောပါရစေ။
မွေးကင်းစကနေ အသက် ၆ လရောက်တဲ့အထိ ကလေးလေးကို မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့လိုပါမယ်။ မိခင်နို့က လုံလောက်အောင် မရရှိဘူးဆိုရင် ကလေးကို ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့မှုန့်ဖျော်တိုက်လို့ရပါတယ်။ ရေတော့ လုံးဝ တိုက်လို့ မရသေးပါဘူး။
ကလေးကို ဘာလို့ ရေမတိုက်ရတာလဲ
အသက် ၆ လ မတိုင်ခင်မှာ ကလေးပိစိကွေးလေးတွေအတွက် မိခင်နို့နဲ့ ဖော်မြူလာနို့တွေကပဲ စားစရာရော သောက်စရာ အဖြစ်ပါ လုံလောက်နေပါတယ်။ ရာသီဥတုပူရင်တောင်မှ ရေထပ်တိုက်ဖို့ မလိုပါဘူး။ မိခင်နို့ မလုံလောက်လို့ဆိုပြီး ရေတိုက်တာမျိုး၊ ဖော်မြူလာနို့ထဲကို ရေကျက်အေး အများကြီး ထည့်ဖျော်တာမျိုးတွေလည်း မလုပ်ရပါဘူး။ ဒီလို လုပ်ဆောင်တာတွေက ကလေးတွေအတွက် မကောင်းပါဘူး။
ဘယ်အချိန်မှာ ကလေးပိစိကွေးလေးတွေကို ရေစတိုက်ရမလဲ
ကလေးက အသက် ၆ လ ပြည့်ပြီဆိုရင်တော့ ရေကျက်အေး နည်းနည်းစတိုက်လို့ ရပါပြီ။ ဒါပေမယ့် မိခင်နို့နေရာမှာ အစားထိုးတာ ဖော်မြူလာနို့နေရာမှာ အစားထိုးတာမျိုးတွေတော့ မလုပ်ပါနဲ့။ မိခင်နို့ နဲ့ ဖော်မြူလာနို့တွေက ကလေးလေး အသက် ၁ နှစ်ပြည့်တဲ့အထိ အဓိကကျတဲ့ သောက်စရာတွေအဖြစ် ဆက်တိုက်ပေးနေဖို့ လိုပါမယ်။
အသက် ၁ နှစ်ပြည့်ပြီးပြီဆိုရင်တော့ ကလေးလေးတွေရဲ့ အဓိက သောက်စရာနေရာမှာ ရေကျက်အေး၊ နွားနို့တွေကို မိခင်နို့နဲ့အတူ တွဲဖက်တိုက်နိုင်ပါပြီ။ ကလေးလေးက ၁ နှစ်ပြည့်ပြီးဆိုရင်တော့ ရေကျက်အေး မဟုတ်ရင်တောင် ရေသန့်ကို တိုက်ပေးလို့ ရပါပြီ။
ရာသီဥတူ ပူနေရင်ရော
အပေါ်မှာလည်း ပြောတော့ ပြောပြီးသားပါ။ ရာသီဥတု ပူရင်တောင်မှ ကလေးလေးတွေကို မိခင်နို့ မကြာခဏ တိုက်ပေးတာ၊ ဖော်မြူလာနို့ကို အကြိမ်ရေ ခပ်စိတ်စိတ် တိုက်ပေးတာမျိုးပဲ လုပ်ပေးပါ။ ဆရာဝန်က ညွှန်ကြားမှ ရေကို တိုက်ပါ။
ရာသီဥတု ပူချိန်မှာ ကလေးလေးက နို့ခဏခဏ ဆာနိုင်ပါတယ်။ မေမေတို့အနေနဲ့ နို့ချို များများ ထွက်အောင် ရေများများ သောက်ပေးဖို့ လိုပါမယ်။
ကလေးလေးမှာ အဖျားရှိနေရင်ရော
ကလေးလေးမှာ အဖျား ရှိနေမယ်။ အသက်က ၆ လအောက်ဖြစ်မယ်ဆိုရင်လည်း ရေတိုက်ဖို့ မလိုပါဘူး။ မိခင်နို့ပဲ များများ တိုက်ပေးပါ။ ဖော်မြူလာနို့တိုက်တာဆိုရင်လည်း ဖော်မြူလာနို့ကို နည်းနည်းနဲ့ အကြိမ်ရေ များများလေး တိုက်ပေးပါ။ ဆရာဝန် မညွှန်ကြားဘဲ ရေမတိုက်ပါနဲ့။
ကလေးလေးက အသက် ၆ လပြည့်ပြီဆိုရင်လည်း မိခင်နို့ နဲ့ ဖော်မြူလာနို့ကို ဆက်သောက်သွားဦးမှာပါ။ ဒီလို သောက်သုံးမှုတွေ ကြားထဲမှာ ကလေးလေးကို ရေနည်းနည်းစီ တိုက်ပေးပါ။ အရေးအကြီးဆုံး အချက်က ကလေး ရေဓာတတ် လုံလောက်စွာ ရရဲ့လား ဆိုတာကို စစ်ဆေးဖို့ပါ။
ကလေးကို အသက် ၆ လ မပြည့်ခင်မှာ ရေလုံးဝ မတိုက်ပါနဲ့။ ရေတင်မကပါဘူး။ သစ်သီးဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာအုပ်တွေလည်း မတိုက်ပါနဲ့။ အချိုရည်တွေ တိုက်တာမျိုးလည်း မရပါဘူး။
ကဖင်းပါတဲ့ သောက်စရာတွေ၊ အယ်လ်ကိုဟော၊ စွမ်းအားဖြည့် အချိုရည်တွေလည်း မရပါဘူး။
ရေမတိုက်ရတော့ ကလေးလေးက ရေဓာတ်ပြည့်ပါ့မလား
ရေမတိုက်ရလည်းပဲ ကလေးလေးက မိခင်နို့ကနေ ရေဓာတ်ကို ရရှိသလို ဖော်မြူလာနို့ကို ဖျော်တဲ့အခါမှာလည်း ရေကျက်အေးကို သုံးတာဖြစ်ပြီး ရေဓာတ်ပြည့်ဝစွာ ပါဝင်နေတာကြောင့် ရေဓာတ်မပြည့်တာမျိုး မဖြစ်ပါဘူး။
ရေစစ်စစ်က မှ ရေဓာတ်ဖြည့်နိုင်တာ မဟုတ်ပါဘူး။ မိခင်နို့ နဲ့ ဖော်မြူလာနို့တွေက ကလေးလေးအတွက် လိုအပ်မယ့် အာဟာရဓာတ်တွေကိုရော ရေဓာတ်ကိုပါ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။
ကလေးလေးကို တိုက်ပေးသင့်တဲ့ ရေပမာဏ
ကလေးလေးက အသက် ၆ လ ကနေ ၁ နှစ် အတွင်း ဆိုရင်…………. တစ်နေ့ကို ရေ ၄ အောင်စ ကနေ ၈ အောင်စ
ကလေးလေးက အသက် ၁ နှစ် ကနေ ၂ နှစ် အတွင်း ဆိုရင် ………….. တစ်နေ့ကို ရေ ၈ အောင်စ ကနေ ၃၂ အောင်စ
ရေးသားသူ - မွန်မွန်